ယခု အပတ် ကြားရက်မှာ ဥရောပ ပြိုင်ပွဲတွေ ၊ ရှုံးထွက်ဖလားပွဲတွေ အစား ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ယှဉ်ပြိုင် ကစားဖို့ ရှိရာ ၊ အိုးလ်ထရက်ဖို့ဒ်မှ မန်ချက်စတာယူနိုက်တက် – ချဲလ်ဆီး ပွဲဟာ ပရိသတ်တွေကို Big Match အဖြစ် စောင့်မျှော်လျက်ရှိပါတယ် ။
ရလဒ်ပိုင်း လှုပ်ခတ်မှု မကြာခဏ ရှိတဲ့ ဒီ၂သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ခန့်မှန်းရခက်ပြီး ၊ အိမ်ရှင် သရဲနီတို့ဟာ ရှေ့တပတ်လုံး ရလဒ်ဆိုးတွေနဲ့ ကျော်ဖြတ်ထားရပေမယ့် ၊ ဧည့်သည် ချဲလ်ဆီးကတော့ ဘရိုက်တန်ကို ဒုတိယပိုင်း ၁၀ယောက် အကျန်နဲ့ ရင်ဆိုင်ကာ ၊ အနိုင်ရလဒ် ဖော်ဆောင်ခဲ့ပါတယ် ။
တဖက်မှာ ယူနိုက်တက် နည်းပြ အဲရစ် တမ်ဟဂ်ရဲ့ အနာဂတ်ဟာ ဒီဇင်ဘာ ပွဲကြပ်ကာလ အပေါ် ကြီးကြီးမားမား မူတည်နေပြီး ၊ မနက်ဖြန်ည ချဲလ်ဆီးနဲ့ ကစားမယ့် ပွဲကနေ ရလဒ်ကောင်း တရပ် အရင်ဆုံး စွမ်းဆောင်ပြနိုင်ဖို့ လိုနေပါတယ် ။
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ တမ်ဟဂ်ဟာ ရှေ့လာမယ့် ၃ပွဲဆက် ရှုံးတာနဲ့ ရာထူးက အထုတ်ခံရနိုင်ကြောင်း သုံးသပ်ရင်း ၊ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အပြန်အလှန် သွင်းဂိုးတွေနဲ့ တဖက် ၃ဂိုးစီ သရေကျမယ်လို့လည်း ခန့်မှန်းသွားပါတယ် ။
Sportskeeda နဲ့ တွေ့ဆုံရာမှာ မာဆင် က ” စနေနေ့က နယူးကာဆယ် – မန်ချက်စတာယူနိုက်တက် ပွဲဟာ ကျွန်တော် မြင်ဖူးသမျှထဲမှာ တဖက်သတ် အဆန်ဆုံး ပွဲတပွဲပါပဲ ။ ဒါကို ကျွန်တော် အပိုလုပ်ပြီး ပြောနေတာ မဟုတ်ပါဘူး ။ ဒါက တကယ် ရှက်ဖို့ကောင်းခဲ့ပါတယ် ။ ယူနိုက်တက် ကစားသမားတွေရဲ့ ကစားပုံနဲ့ ကြိုးစားအားထုတ်မှု အပေါ် ကျွန်တော် ရှော့ခ်ရမိပါတယ် ။ ”
” တဖက်မှာ ချဲလ်ဆီးကတော့ ဘရိုက်တန်နဲ့ ပွဲမှာ ရလဒ်ကောင်း ရှာဖွေနိုင်ခဲ့ပါတယ် ။ ၁၀ယောက်ပဲ ကျန်တော့တဲ့အချိန် သူတို့ အနိုင်ရလဒ်ကို ဆက်ထိန်းနိုင်မယ်လို့ ကျွန်တော် မထင်ခဲ့တာပါ ။ ဒါပေမယ့် သူတို့ အနိုင် ၃မှတ် အတွက် ခုခံသွားခဲ့ပါတယ် ။ ဒီတော့ သူတို့ကို ချီးကျူးပါတယ် ။ ”
” ချဲလ်ဆီးဟာ အိုးလ်ထရက်ဖို့ဒ်ကို သွားပြီး ဖွင့်ကစားမှာ ဖြစ်တာကြောင့် ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတပွဲ ဖြစ်လာမှာပါ ။ ချဲလ်ဆီးဟာ အခုအချိန်မှာ ပိုအထိုင်ကျလာတဲ့ အသင်း တသင်း ဖြစ်နေပါပြီ ။ သူတို့ဟာ ပုံသေ ပွဲထွက် ၁၁ယောက်ကို သိနေပါပြီ ။ ”
” နယူးကာဆယ်နဲ့ ပွဲကို ဖယ်လိုက်ရင် သူတို့ရဲ့ လတ်တလော ရလဒ်တွေက ကောင်းနေပါတယ် ။ ခံစစ် ပြဿနာ အနည်းငယ်တော့ ရှိနေဆဲပါပဲ ။ ဒါပေမယ့် ဘရိုက်တန်နဲ့ ပွဲမှာ သူတို့ ၁၀ယောက်တည်းနဲ့ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။ ”
” မန်ချက်စတာ ယူနိုက်တက်ဟာ ဒီလိုပွဲမျိုးတွေမှာ ပြန်ထကြွတတ်တဲ့ အသင်း တသင်းပါ ။ သူတို့ဟာ ရှေ့၂ပွဲဆက် ရလဒ်ဆိုးခဲ့ပါတယ် ။ ဒါပေမယ့် သူတို့ဟာ ခေါင်းတလုံးပေါ်စာ အသက်ရှူလို့ ရမယ့် အနေအထားမျိုး ဖန်တီးဖို့ ကြိုးစားလာမှာပါ ။ ”
” ချဲလ်ဆီး ၊ ဘုန်းမောက်နဲ့ ဘိုင်ယန်တို့ကို ဆက်တိုက်ရှုံးခဲ့ရင် ၊ တမ်ဟဂ် တယောက် မန်ယူနိုက်တက် နည်းပြ ရာထူးကို ဘယ်လို ထိန်းမှာလဲ ဆိုတာ ကျွန်တော် တွေးမရပါဘူး ။ ဘုန်းမောက်တော့ သူတို့ နိုင်လောက်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ၁၆သင်းအဆင့်ကို တက်ထားပြီး ဖြစ်တဲ့ ဘိုင်ယန်နဲ့ ပွဲမှာလည်း သူတို့ ရလဒ်ကောင်း ရနိုင်ပါတယ် ။ ”
” ချဲလ်ဆီးဟာ ခံစစ်ပိုင်း စွမ်းဆောင်ရည် အရမ်းမကောင်းနေပါဘူး ။ မန်ယူနိုက်တက်ဟာလည်း ဖြစ်ချင်သလို ဖြစ်နေပါတယ် ။ သူတို့ဟာ ဂါလာတာစာရေးကို ခပ်ပေါပေါပဲ ၃ဂိုး ခွင့်ပြုခဲ့ပြီး ၊ နယူးကာဆယ်နဲ့ ပွဲမှာလည်း ၁၀ဂိုးလောက် ပေးရနိုင်ခြေ ရှိခဲ့ပါတယ် ။ ဒီတော့ ဒီပွဲကို ဂိုးပေါင်းများမယ့် ပွဲလို့ ကျွန်တော် မျှော်မှန်းပါတယ် ။ ၃ – ၃ ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။