စပါးအသင်းနည်းပြ ကွန်တီက ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များ ခေါ်ယူမည်ဟု အတည်ပြုပြောကြားသော်လည်း အနာဂတ်လှုပ်ခတ်နေသည့် ချယ်လ်ဆီးအသင်းတိုက်စစ်မှူး လူကာကူအကြောင်း ဖြေကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ကွန်တီနှင့် လူကာကူသည် အင်တာမီလန်အသင်းတွင် အတူလက်တွဲခဲ့ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သောကြောင့် စပါးအသင်းသို့ တစ်ကျော့ပြန် ခေါ်ယူနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

သို့သော် ကွန်တီက ”ကစားသမားသစ်တွေ ခေါ်ယူဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ကို ခန့်အပ်ချိန်ကတည်းက ဒါနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးမယ်လို့ သူတို့ပြော ထားခဲ့ပါတယ်။ ဒီအခြေအနေက အရမ်းသိသာပါတယ်။ မရိုးရှင်းသလို လွယ်လည်းမလွယ် ကူပါဘူး။ ဒါပေမဲ့ အခုအခြေအနေမှာ ကျွန်တော်တို့ ဘာလိုချင်တယ်ဆိုတာ နားလည်ဖို့ လိုအပ်ပါတယ်။ ပွဲတိုင်းက တိုက်ပွဲတစ်ပွဲ ရင်ဆိုင်နေရသလိုပါပဲ။ လိဂ်ပြိုင်ပွဲရဲ့အဆင့်အတန်းက အရမ်းမြင့်မားတဲ့ အနေအထားတစ်ရပ် ရောက်နေပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ (လူကာကူ) ကို အရမ်းခင်ပါတယ်။ ဒါပေမဲ့ သူက ချယ်လ်ဆီးကစားသမားတစ်ယောက်ပါ”ဟု တုံ့ပြန်ပြောကြားသည်။
အင်တာမီလန်အသင်း အမာခံပရိသတ်များကမူ စီးရီးအေသို့ တစ်ကျော့ပြန်ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့သည့် လူကာကူ၏မှတ်ချက်စကားအပေါ် လက်မခံကြောင်း တုံ့ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။