မန်ချက်စတာ စီးတီးအသင်းကတော့ ဒီနွေမှာ အသက်လက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ယူလီယန် အဲလ်ဗာရက်ဇ်နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် ဆဲလ်တစ်အသင်းရဲ့ ဂျပန်တိုက်စစ်ကစားသမား ယိုဂို ဖူရူဟာရှီကို စိတ်ဝင်စားနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။
အာဂျင်တီးနား ကြယ်ပွင့် ကစားသမား အဲလ်ဗာရက်ဇ်ဟာ ၂၀၂၂ခူနှစ်ကမှ မန်စီးတီးဆီ ရောက်ရှိခဲ့တာဖြစ်ပြီး (၂)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၀)ကျော်အထိ ကစားခွင့် ရခဲ့ပေမယ့်လည်း အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာ ပွဲထွက်ခွင့် မရခဲ့လို့ ဒီနွေမှာပဲ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် (၈၂)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ကနဦးပိုင်းမှာတော့ မန်စီးတီးက အဲလ်ဗာရက်ဇ်နေရာအတွက် ကစားသမား အစားထိုးဖို့ အစီအစဉ် မရှိပေမယ့်လည်း ဈေးကွက်မပိတ်ခင်မှာ တိုက်စစ်ကစားသမားတစ်ဦးလောက် ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ လတ်တလောမှာတော့ မန်စီးတီးက စကော့ထိပ်သီးကလပ် ဆဲလ်တစ်ရဲ့ ဂျပန်တိုက်စစ်ကစားသမား ဖူရူဟာရှီကို စိတ်ဝင်စားနေပါတယ်။
အသက် (၂၉)နှစ်အရွယ် ဂျပန် လက်ရွေးစင် တိုက်စစ်ကစားသမား ဖူရူဟာရှီဟာ ၂၀၂၁ခုနှစ်ကမှ ဂျေလိဂ်ကလပ် ဗစ်ဆဲလ် ကိုဘေအသင်းကနေ ဆဲလ်တစ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆို ဆဲလ်တစ်အတွက် (၃)ရာသီအထိ ကစားပြီးထားချိန်မှာ သွင်းဂိုး (၇၃)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။
ဖူရူဟာရှီဟာ အထောင်တိုက်စစ်ကစားသမားအဖြစ်ရော ဘယ်ညာတောင်ပံနှစ်ဖက်မှာပါ ကစားနိုင်သူဖြစ်ပြီး ဂျပန်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၂၁)ပွဲအထိ ကစားခဲ့ပေမယ့်လည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အံ့အားသင့်ဖွယ် ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ဘောလုံးအရည်အသွေးကောင်းမွန်တဲ့ အာရှသား ဖူရူဟာဂျီရဲ့ လက်ရှိတန်ကြေးက ပေါင် သန်း(၂၀)လောက်သာ ရှိနေပေမယ့်လည်း ဒီကစားသမားရဲ့ အသက်အရွယ်က အသက်(၃၀)နား ကပ်နေတာဟာ မန်စီးတီးအသင်းအတွက် အနည်းငယ် စဉ်းစားစရာ ဖြစ်လာနိုင်ပြီး စီးတီးအနေနဲ့ ဆာဗင်ဟိုနဲ့ အသင်းခေါင်းဆောင်ဟောင်း ဂွန်ဒိုဂန်တို့နဲ့သာ ဒီနွေဈေးကွက်ကို ပိတ်သိမ်းသွားဖို့လည်း ရှိနိုင်ပါတယ်။