မန်ယူအသင်းတာဝန်ရှိသူများသည် လက်ရှိအသင်းနည်းပြ ဆိုးလ်ရှား၏နေရာတွင် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းကို အစားထိုးရန်ပစ်မှတ်ထားနေပြီး ၎င်းအား စီရော်နယ်လ်ဒို၊ ဗာရန်းတို့နှင့်ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကြောင့် ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားမှာ မန်ယူအသင်း၏ရလဒ်ဆိုးများကြောင့် အသင်းနှင့် လမ်းခွဲရန် ပရိသတ်များထံမှ ဖိအားများရှိနေပြီး မန်ယူအသင်းအားပေးသူပရိသတ်များသည် နည်းပြအပြောင်းအလဲလုပ်ရန် အသင်းတာဝန်ရှိသူများကိုလည်း ပြင်းပြင်းထန်ထန်ဖိအားပေးတောင်းဆိုနေကြသည်။
သို့ဖြစ်ရာ ယခင်က ဆိုးလ်ရှားကို အကြိမ်ကြိမ်အကာအကွယ်ပေးခဲ့သော မန်ယူအသင်းဘုတ်အဖွဲ့တာဝန်ရှိသူများသည် ယခုအခါ နည်းပြအပြောင်းအလဲလုပ်ရန် စဉ်းစားနေပြီး အသင်းလက်မဲ့ဖြစ်နေသူ ဇီဒန်းအား နည်းပြသစ်အဖြစ် ခန့်အပ်မည့်နည်းပြများစာရင်းတွင် ထည့်သွင်းထားကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းဘုတ်အဖွဲ့အနေဖြင့် နည်းပြအပြောင်းအလဲအား အဆောတလျင် ပြုလုပ်သွားမည်မဟုတ်ဘဲ နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် မန်ယူအသင်း၏ရလဒ်များကို (၃)ပွဲတိုင်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။
အကယ်၍ ရလဒ်ဆိုးများ ဆက်လက်ကြုံတွေ့ခဲ့ပါက ဆိုးလ်ရှားအနေဖြင့် မန်ယူအသင်းကိုစွန့်ခွာရရန် သေချာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဗြိတိန်သတင်းစာတစ်စောင်ဖြစ်သော The Times ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို အောင်မြင်မှုများစွာရယူပေးခဲ့သည့် ဇီဒန်းကို မျက်စိကျနေပြီး အသင်းရှိ ရီးယဲလ်မက်ဒရစ်အသင်းကစားသမားဟောင်းများ ဖြစ်ကြသော စီရော်နယ်လ်ဒို၊ ဗာရန်းတို့နှင့် ဇီဒန်းအကြား အလွန်ရင်းနှီးသော ဆက်ဆံရေးရှိခြင်းကြောင့် ၎င်းအား ခေါ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်နေကြောင်း သိရသည်။
၎င်းကစားသမားနှစ်ဦးစလုံးမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ယူအသင်းသို့ ရောက်ရှိလာသူများဖြစ်ကြပြီး ဇီဒန်းနှင့်အတူ ရီးယဲလ်မက်ဒရစ်အသင်း၌ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကြသူများဖြစ်သည်။
ဇီဒန်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ အထိတစ်ကြိမ် ကိုင်တွယ်ခဲ့ပြီး အသင်းအား ချန်ပီယံလိဂ်ဖလား(၃)ကြိမ်ဆက် ရယူပေးခဲ့သလို၊ လာလီဂါဖလား(၂ ကြိမ်)၊ စပိန်စူပါဖလား(၂ ကြိမ်)၊ ဥရောပစူပါဖလား (၂ ကြိမ်)၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၂ ကြိမ်) ရယူပေးနိုင်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းအတွက် အချိန်တိုအတွင်း အောင်မြင်မှုများစွာရယူပေးနိုင်ခဲ့သည့် ဇီဒန်း၏ နည်းပြဘဝစွမ်းဆောင်မှုများအား မန်ယူအသင်းဘုတ်အဖွဲ့တာဝန်ရှိသူများက သဘောကျနှစ်သက်နေကြောင်း The Times က ဖော်ပြခဲ့သည်။
မန်ယူအသင်းနည်းပြသစ်ဖြစ်လာရန် အခြားရေပန်းစားသူများထဲတွင် လက်ရှိလက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ၊ PSG အသင်းနည်းပြ ပိုချက်တီနို၊ အေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ် အစရှိသူတို့လည်း ပါဝင်နေသည်။