မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေ မကောင်းပေမယ့် နည်းပြ အိုလီ ဂန်နာ ဆိုးရှား ကတော့ ရာထူး မြဲနေဆဲ ဖြစ်ပါတယ် ။ ဒီရာသီဟာ နည်းပြ အပြောင်းအလဲ များတဲ့ ရာသီ တခု ဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ် မှာတင် နည်းပြ ၅ ဦး ( ဗီလာ ၊ နောဝှစ်ချ် ၊ နယူးကာဆယ် ၊ ဝက်ဖိုဒ့် ၊ စပါး ) အထိ ထုတ်ပယ် ခံထား ခဲ့ပါပြီ ။
ယူနိုက်တက် ဘုတ်အဖွဲ့ ကတော့ ဆိုးရှား ကို ထုတ်ပယ်မယ့် အလားအလာ မမြင်သေး သလို သုံးသပ် တင်ဆက်သူတွေ ဖြစ်လာတဲ့ ဆိုးရှား ရဲ့ မန်ယူနိုက်တက် အသင်းဖော်ဟောင်းတွေ ( ရွိုင်ကင်း ၊ ပေါလ်စခိုး ၊ ဂယ်ရီ နဗီးလ် ) ကလည်း နော်ဝေသားကို ကာကွယ် ပေးခဲ့ကြပြီး လက်ရှိ ရလဒ်တွေ အတွက် ယူနိုက်တက် ကစားသမားတွေ ကိုသာ အဓိက ဝေဖန် ခဲ့ကြပါတယ် ။
ဒါပေမယ့် ရီယို ဖာဒီနန် ကတော့ ကွဲပြားတဲ့ အမြင် ရှိနေခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် မှာ ၂၀၀၂ ကနေ ၂၀၁၄ ခုနှစ် အထိ ကစားခဲ့ပြီး ဆိုးရှား နဲ့ ၅ နှစ်တာ အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ရီယို ဖာဒီနန် ကတော့ ဆိုးရှား ဟာ ယူနိုက်တက် ကို ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် တို့လို အဓိက ဆုဖလားကြီးတွေ ရယူပေး နိုင်တဲ့ နည်းပြ ဖြစ်တယ်လို့ သူ မထင်မိတော့ကြောင်းနဲ့ လက်ရှိ အချိန်ဟာ နည်းပြသစ် တယောက် အစားဝင်လာဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့ Podcast အစီအစဉ် မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
“အပတ်တိုင်း အပတ်တိုင်းမှာ ကျွန်တော့အသင်း ( ယူနိုက်တက် ) ကစားတာကို ကြည့်ပြီး ဘာတွေ လုပ်နေသလဲ ဆိုတာ အံ့သြခဲ့ရ ပါတယ် ။ အခု ယူနိုက်တက် ရဲ့ ကစားပုံမှာ ဘယ်လို အယူအဆတွေ ၊ ဘယ်လို အမှတ်အသား ဖြစ်စရာတွေမှ မရှိပါဘူး ။
ဒါတွေက စီမံခန့်ခွဲမှု ကနေ စီးဆင်း လာရမယ့် အရာတွေပါ ။ ယူနိုက်တက် ကစားတာကို ကြည့်ပြီး ကျွန်တော် အမြဲေတွေဝေနမိပါတယ်။အပြောင်းအရွှေ့ ရာသီ တုန်းက ယူနိုက်တက် လုပ်ဆောင် ခဲ့တာတွေကို ကြည့်ပြီး ဒီရာသီမှာ သူတို့ ဘာတွေ လုပ်ပြမလဲ ဆိုတာကို ကျွန်တော်တို့တွေ စိတ်လှုပ်ရှားပြီး စောင့်ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အခုတော့ မြင်တဲ့ အတိုင်းပါပဲ ။
လိုရင်းကိုပဲ ပြန်သွားကြရအောင် ။ အိုလီ ကို ခေါ်ခန့်တယ် ၊ သူက အသင်းမှာ ပျောက်ဆုံးနေတဲ့ အခြေခံ တခုကို ပြန်ရအောင် တည်ဆောက်ပေး နိုင်ခဲ့တယ် ။ ဒါပေမယ့် ရှေ့ဆက် တွေးကြည့်လိုက်မယ်ဆိုရင် အိုလီ က ကျွန်တော်တို့ ကို ချန်ပီယံ ဖြစ်အောင် စွမ်းဆောင် ပေးနိုင်မလား ၊ ချန်ပီယံလိဂ် လို ဖလားမျိုးကို ယူပေး နိုင်မလား ?
ကျွန်တော် သေချာပေါက် မပြောနိုင်တော့ ပါဘူး ။ သူ လုပ်ပေးနိုင်ဖို့တော့ မျှော်လင့် မိပါတယ်”
“ဒါပေမယ့် အခု မြင်နေရတဲ့ ပုံစံ အရဆိုရင်တော့ ကျွန်တော်တို့ ကို ( ယူနိုက်တက် ) တယောက်ယောက် ဝင်လာပြီး ထိန်းသိမ်းပေးဖို့ လိုအပ် နေပြီလို့ ခံစား မိနေပါတယ် ။
အိုလီ အနေနဲ့ အခုချိန် ထွက်သွားမယ် ဆိုရင် ခေါင်းမော့ နိုင်ဦးမှာပါ ။ ယူနိုက်တက် ကို သူ စရောက်လာတုန်းက အနေအထား နဲ့ အခု အနေအထားက အများကြီး ကွဲပြား သွားပါပြီ ။ သူ ကျွန်တော်တို့ ကို အရင်တုန်းက လမ်းကြောင်းပေါ် ပြန်တင် ပေးခဲ့တာပါ ။
ဒါပေမယ့် ကျွန်တော်တို့ ဆုဖလားတွေကို စိန်ခေါ် နိုင်စွမ်း ရှိနေဖို့ လိုအပ်နေပါသေးတယ်” လို့ ရီယို ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲစဉ် ၁၁ ကစားလို့ အပြီးမှာ ၁၇ မှတ် ရရှိ ထားပြီး အဆင့် ၇ နေရာကို ရောက်ရှိ နေခဲ့ ပါတယ် ။
လတ်တလော မှာတော့ နည်းပြ ဆိုးရှား ဟာ နိုင်ငံတကာ ပွဲစဉ်ကာလ အတွင်း အသင်းသားတွေ နဲ့ ဝန်ထမ်းတွေကို နားရက် တပတ် ပေးကာ သူကိုယ်တိုင်လည်း မိသားစု နဲ့ အတူ မိခင် နိုင်ငံ နော်ေ၀ ကို ခေတ္တ ပြန်သွားခဲ့ တယ်လို့ သိရှိရ ပါတယ် ။
ယူနိုက်တက် ဟာ နိုင်ငံ ပွဲစဉ်တွေပြီးပါက ဝက်ဖိုဒ့် အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ ဗီလာရီးရဲ ၊ ချဲလ်ဆီး ၊ အာဆင်နယ် တို့နဲ့ ဆက်လက် ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။