အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက စီးရီးအေအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်သင့်ဘဲ Plan B ၊ Plan C များကို ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု သတိပေးပြောကြားခဲ့သည်။
COVID-19 ဒုတိယလှိုင်းကြောင့် အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု တစ်ဖန်ပြန်မြင့်တက်လာပြီး ဘောလုံးအသိုင်းအဝိုင်းအတွင်း၌လည်း ကူးစက်မှုများပြားလျက်ရှိသည်။
သို့ဖြစ်ရာ စီးရီးအေပြိုင်ပွဲမှ တာဝန်ရှိသူများအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်ကို လျှော့မတွက်ဘဲ Plan B ၊ Plan C များဆွဲကာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အားကစားဝန်ကြီး စပါဒါဖိုရာက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
စပါဒါဖိုရာက ”အစိုးရက အားကစားလှုပ်ရှားမှုတွေကို ကြားဝင်ပြီး ပံ့ပိုးပေးဖို့ ကတိပြုထားပေမဲ့ လက်ရှိမှာ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပြီး အန္တရာယ်ကို လျှော့မတွက်သင့်ပါဘူး။ ပြိုင်ပွဲရပ်ဆိုင်းလိုက်ရတာကို ရှောင်ဖို့ဆိုရင် ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောချင်တာက သက်ဆိုင်ရာလိဂ်တွေအနေနဲ့ Plan B တွေ၊ Plan C တွေ ပြင်ဆင်ထားသင့်တယ်လို့ပါ။ ဒီပုံစံအတိုင်း ဆက်သွားလို့ ဖြစ်နိုင်သလား ကျွန်တော် မသိပါဘူး။ စီးရီးအေအတွက်ရော၊ တခြားအရာတွေအတွက်ရော ဘာမှသေချာရေရာတာ မရှိပါဘူး။ ဒါကြောင့် အစီအစဉ်သစ်တွေကို ပြင်ဆင်ထားသင့်ပါတယ်။ ပိုးကူးစက်မှုတွေ မြင့်တက်လာလို့ ကျွန်တော်ဟာ Protocol ကို ပြောပြထားပြီးသားပါ။ ဒါပေမဲ့ အသင်းတွေနဲ့ ကစားသမားတွေက ဒါကို မလိုက်နာရင် ဘာမှလုပ်လို့မရပါဘူး”ဟု La7 ရုပ်သံသို့ ပြောကြားခဲ့သည်။