ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုနှင့် အလွန်ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး ဆွစ်ဇာလန်နှင့်ပွဲတွင် ၎င်းအား ပွဲထွက်စာရင်းမှ ချန်လှပ်ခဲ့ခြင်းမှာ ပုဂ္ဂိုလ်ရေးကြောင့်မဟုတ်ဘဲ နည်းစနစ်ပိုင်းကြောင့်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆန်းတို့စ်သည် ဒီဇင်ဘာ (၆)ရက်က ကစားခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားရှုံးထွက် (၁၆)သင်းပွဲစဉ် ပေါ်တူဂီ (၆-၁) ဆွစ်ဇာလန်ပွဲတွင် အသက် (၃၇)နှစ်အရွယ် စီရော်နယ်လ်ဒိုအား ပွဲထွက်စာရင်းမှ ချန်လှပ်ခဲ့ပြီး အသက် (၂၁)နှစ်အရွယ် ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဆာလိုဟယ်မို့စ်ကို ပွဲထုတ်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် စီရော်နယ်လ်ဒိုနေရာ ဝင်ကစားခဲ့သည့် ဂွန်ဆာလိုဟယ်မို့စ်သည် ယခုကမ္ဘာ့ဖလားတွင် ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့သည်အထိ ခြေစွမ်းပြနိုင်ခဲ့သလို၊ Man of the Match ဆုကိုလည်း ရရှိခဲ့သည်။
ဆွစ်ဇာလန်နှင့်ပွဲတွင် ဟယ်မို့စ်အား ပွဲထုတ်ခဲ့ခြင်းမှာ တောင်ကိုရီးယားနှင့်ပွဲတွင် လူစားလဲခံရခြင်းကြောင့် မကျေနပ်သောပုံစံပြခဲ့သည့် စီရော်နယ်လ်ဒိုကို ဆန်းတို့စ်အနေဖြင့် တမင်ခေါက်ထားခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိခဲ့သည်။
သို့သော် ဆန်းတို့စ်က “စီရော်နယ်လ်ဒိုနဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ သူ အသက် (၁၉)နှစ်အရွယ်ကတည်း ကျွန်တော် သူ့ကို သိခဲ့တာပါ။ နည်းပြနဲ့ ကစားသမားဖြစ်တဲ့ ကျွန်တော်နဲ့ စီရော်နယ်လ်ဒိုတို့အကြား ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်လို့ ဘယ်တုန်းကမှ အမြင်မှားတာမျိုး မရှိခဲ့ပါဘူး။ သူဟာ အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားတစ်ဦးလို့ ပဲ စဉ်းစားခဲ့တာပါ။ ပြီးတော့ သူနဲ့ဖြစ်ခဲ့တဲ့ပြဿနာကိုလည်း ရှင်းပြီးပါပြီ။ ဆွစ်ဇာလန်နှင့်ပွဲမှာ နည်းစနစ်ပိုင်းအရ ဂွန်ဆာလိုဟယ်မို့စ်ကို အသုံးပြုခဲ့တာပါ” လို့ ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၇၃) မိနစ်တွင်မှ ဂျော်အိုဖေးလစ်အစား လူစားဝင်ကစားခွင့်ရခဲ့ပြီး ၎င်းလူစားဝင်ချိန်တွင် ပရိသတ်များက ၎င်း၏နာမည်ကို အော်ဟစ်အားပေးခဲ့ကြသည်။
စီရော်နယ်လ်ဒိုသည် ဆွစ်ဇာလန်နှင့်ပွဲအပြီးတွင် အသင်းဖော်များနှင့်အတူ အောင်ပွဲခံခြင်းမရှိဘဲ ကွင်းအတွင်းမှ တစ်ဦးတည်း စောစီးထွက်ခွာသွားခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။