ဂျူဗင်တပ်စ်အသင်းသည် ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို လာမည့်နွေ ရာသီတွင် ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေပြီး ယူရိုသန်း(၆၀)ဝန်းကျင်ရရှိပါက လက်ခံဖွယ်ရှိကြောင်း Mediaset က ဖော်ပြခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒိုကို ၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း(၁၀၀)ဖြင့် ခေါ်ယူပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
၎င်းတို့သည် ချန်ပီယံလိဂ်ဖလား ပြန်လည်ရယူနိုင်ရန် ရည်ရွယ်၍ စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်း ဖြစ်သော်လည်း ကွာတားဖိုင်နယ်အဆင့် ထက် ကျော်လွန်နိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် ဝေဖန်ပြစ်တင်မှုများနှင့်လည်း ရင်ဆိုင်လာရသလို၊ စီရော်နယ်လ်ဒို၏ အသက်မှာလည်း (၃၆)နှစ်ရှိပြီဖြစ်၍ ပြန်လည်ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒိုအတွက် မြင့်မားသည့် လစာနှင့် အပိုဆုကြေးများ ပေးချေနေရခြင်းကြောင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခြင်းလည်းဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀) ဝန်းကျင်ရရှိပါက လက်ခံဖွယ်ရှိနေသည်ဟု Mediaset က ဖော်ပြခဲ့သည်။
စီရော်နယ်လ်ဒိုကို ခေါ်ယူရန် PSG၊ မန်ယူ၊ မန်စီးတီးတို့နှင့်အတူ မေဂျာလိဂ်နှင့် အာရှကလပ်အသင်းအချို့က စိတ်ဝင်စားနေသည်ဟု သိရသည်။