ဂျူဗင်တပ်စ် ၀-၃ အေစီမီလန်
တူရင်မြေမှာ အေစီမီလန်အသင်းက အိမ် ရှင်ထက်သာလွန်တဲ့ ခြေစွမ်းပြနိုင်မှုနဲ့ ဂိုးပြတ်သွင်းပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲကို ရရှိခဲ့တာပါ။ အေစီမီလန်ကွင်းလယ်လူ ကက်ဆီး (၅၈)မိနစ်မှာ သွင်းယူတဲ့ပယ်နယ်တီသာ ဂျူဗင်တပ်စ်ဂိုးသမား ဆဇက်စနီ မကာကွယ်နိုင်ခဲ့ရင် ပွဲအဖြေက ပိုပြတ်သားသွားဖို့ရှိတယ်။ အေစီမီလန်က ဒီရာသီမှာ ပယ်နယ်တီလွဲချော်မှု (၅)ကြိမ်အထိရှိခဲ့ပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုမှာတော့ အီဘာနဲ့အတူ အများဆုံးဖြစ်နေပါတယ်။

နှစ်သင်းစလုံးက အများစုမျှော်လင့်ထားတဲ့ Line-up ကိုပဲ အပြောင်းအလဲ အနည်းငယ်လုပ်ခဲ့ပြီး ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက စီရော်နယ်လ်ဒိုကို မိုရာတာနဲ့ ပြန်တွဲပေးခဲ့ကာ အေစီမီလန်မှာလည်း ဘရာဟင်ဒီယက်ဇ်ကို No.10 Role နဲ့ ချာဟာနိုဂလူးကိုတော့ ဘယ်တောင်ပံထုတ်ကစားခဲ့ပါတယ်။ ဂျူဗင်တပ်စ်က ပထမပိုင်းအစလောက်သာ ဟုတ်သလိုလိုရှိခဲ့ပြီး နောက်ပိုင်းမှာ အေစီမီလန်အသင်းက ပွဲကိုတစ်စတစ်စ လွှမ်းမိုးလာခဲ့တယ်။ ပထမပိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တာက ဂျူဗင်တပ်စ်အသင်းဂိုးသွင်းစက် စီရော်နယ်လ်ဒိုပါပဲ။ ပြိုင်ဘက်ရဲ့(၁၈)ကိုက်စည်းထဲမှာ ချိန်သားကိုက်လှုပ်ရှားမှုတွေ ကောင်းကောင်းပြုနိုင်တဲ့ စီရော်နယ်လ်ဒိုက ပြိုင်ဘက်ဂိုးဧရိယာထဲ တစ်ကြိမ်မှ ဘောလုံးထိချက်မရှိခဲ့တာက အတော်လေးစိတ်ပျက်စရာကောင်းပါတယ်။

ဂိုးသွင်းခွင့်တွေ ပိုဖန်တီးနိုင်တဲ့ အေစီမီလန်က ပထမပိုင်းနာကျင်အချိန်ပိုရောက်မှ ဂိုးစရပြီး ချာဟာနိုဂလူးရဲ့ကန်ချက်ကို ဆဇက်စနီ ပုတ်ထုတ်ပေမဲ့ ဘရာဟင်ဒီယက်ဇ်က ထပ်ဆင့်ကန်သွင်းယူခဲ့တာဖြစ်တယ်။ (၅၈)မိနစ်မှာ ချီလီနီရဲ့လက်ထိဘောကြောင့် အေစီမီလန်အသင်းရရှိတဲ့ ပယ်နယ်တီကို ကက်ဆီး ဂိုးဝင်အောင်မသွင်းနိုင်ပေမံ့ ရယ်ဘစ်က (၇၈)မိနစ်နဲ့ တိုမိုရီက (၈၂)မိနစ်တွေမှာ ထပ်မံသွင်းယူပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ယူဆောင်ပေးခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ ဒီဘားလား လူစားဝင်ကစားခဲ့ပေမဲ့ ဂိုးကန်ချက်တစ်ကြိမ်က အေစီမီလန်နောက်ခံလူ ခီယာနဲ့ထိပြီး ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ရပါတယ်။