မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ အိုးလ်ထရပ်ဖို့ဒ် အခြေစိုက် ကလပ်နဲ့ 1 နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တဲ့အတွက် အသင်းဖက်မှ သူ့ကို တစ်ပါတ် ပေါင် 4 သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့ပါသေးတယ် ။
အကယ်လို့ ပေါ့ဂ်ဘာသာ ဒါကို လက်ခံခဲ့ရင် ပရီးမီးယားလိဂ်ရဲ့ လစာ အကောင်းဆုံး ကစားသမား ဖြစ်လာမှာပါ ။ ဒါပေမဲ့ ပြင်သစ် လက်ရွေးစင်က အဆိုပါ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သိခဲ့ရ ပါတယ် ။ အခြားတဖက်မှာ သူ့ကို ခေါ်ယူဖို့ လီဂူးဝမ်း ထိပ်သီး PSG အသင်းက စိတ်အား ထက်သန် နေတယ်လို့ သိနေရ ပါတယ် ။
ဒါ့ကြောင့် ပေါ့ဂ်ဘာရဲ့ အနာဂတ် ဘယ်မှာ ရှိနေမလဲဆိုတာ မရေရာ ဖြစ်နေခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာရဲ့ အနာဂတ် အကြောင်း ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ၊ ပြင်သစ် လက်ရွေးစင်ဟာ သူ့ရဲ့ စီမံကိန်းထဲ ပါဝင်ကြောင်း QPR နဲ့ ရှုံးပွဲ အပြီးမှာ ထုတ်ဖော် ပြောကြားခဲ့လိုက် ပါတယ် ။
” အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပေါလ်ရဲ့ တာဝန် ရှိသူတွေကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြဆဲ ပါပဲ ။ ပေါလ် ဆီက ကျွန်တော် ကြားခဲ့တာ အကုန်က သူဟာ ရာသီသစ်ကို အသင်းနဲ့ အတူ စတင်ဖို့ ရှေးရှုနေတယ် ဆိုတာပါပဲ ။ ပေါလ် နဲ့ ပတ်သက်လို့ ကောလဟာလ ဆိုတာ အမြဲတမ်း ထွက်နေခဲ့တာပဲလေ ”
” ပေါလ် နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေ အကြားမှာ လုပ်နေကြတဲ့ ဆွေးနွေမှုဆိုင်ရာ အသေးစိတ် အချက်အလက် တွေကိုတော့ ကျွန်တော် မသိရသေးပါဘူး ။ သူ့အပေါ်မှာ စိတ်ဝင်စားသူတွေတော့ အမြဲ ရှိနေကြတာပါပဲ ။ ပေါလ်ရဲ့ အကောင်းဆုံး ခြေစွမ်းကို ကျွန်တော်တို့ မြင်ဖူးကြ ပါတယ် ။ အသင်းက သူ့အပေါ် ဘယ်လို သဘောထားလဲဆိုတာလဲ သူ ကောင်းကောင်းသိပါတယ် ”
” ကျွန်တော် သူနဲ့ အတူ အလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေကို ပျော်ရွှင်ခံစားခဲ့ရ ပါတယ် ။ သူနဲ့ အလုပ်တွေ ဆက်လက် လုပ်နိုင်ဖို့ မျှော်လင့်နေပါတယ် ။ အခုလည်း ကောလဟာလတွေပဲ ထွက်နေတာပါ ။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့ဗျာ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
လက်ရှိ အချိန်ထိ ယူနိုက်တက် တို့ဟာ ဒေါ့မွန် အသင်းမှ ဂျေဒန် ဆန်ချိုကို ခေါ်ယူထားခဲ့ပြီး ရီးယဲ မက်ဒရစ် မှ ရာဖေး ဗာရာနီနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းမှ ကီရန် ထရစ်ပီးယား တို့ကို ခေါ်ယူဖို့ အားထုတ် နေပါတယ် ။ အခုတော့ ဆိုးလ်ရှားက သူ့ရဲ့ စီမံကိန်းထဲ ခံစစ် ပိုကောင်းဖို့ လိုနေသေးကြောင်း ဖွင့်ပြောခဲ့လိုက် ပါတယ် ။
” မန်နေဂျာ တစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်နေရတာက အမြဲတမ်း ဂုဏ်ယူစရာ ပါပဲ ။ ကျွန်တော်ဟာ လုပ်ဆောင်မယ်ဆိုပြီး စတင်ခဲ့တဲ့ စီမံကိန်းကို ဆက်လက် လုပ်နေဆဲ ပါပဲ ။ ကျွန်တော်တို့ ဆက်လက်ပြီး တိုးတက်ဖို့ လိုအပ်နေတဲ့ အရာ အနည်းငယ် ရှိနေပါသေးတယ် ။ ကျွန်တော်တို့ဟာ တဖြေးဖြေး တိုးတက်ပြီး ပိုကောင်းလာခဲ့ကြ ပါပြီ ”
” အခုတော့ နောက်တစ်ဆင့် တက်ပြီး ဆုဖလားတွေကို စိန်ခေါ် နိုင်ဖို့ မျှော်လင့် နေပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေက ကျွန်တော်တို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး ဖိအားတွေက အမြဲလို ရှိပါတယ် ။ အသင်းကို ပြန်ပြီး တည်ဆောက်ရမယ် ဆိုတာကို ကျွန်တော်တို့ သိရှိနေခဲ့ကြ ပါတယ် ”
” ကျွန်တော် လိုချင်နေတဲ့ အသင်းမျိုးကို ပိုင်ဆိုင်နိုင်ဖို့ အရမ်းပဲ နီးစပ်နေပါပြီ ။ ကျွန်တော်ဟာ သွက်လက် မြန်ဆန််တဲ့ တိုက်စစ် ၊ ကျစ်လျစ်တဲ့ ခံစစ်ကို ပိုင်ဆိုင်ချင်တာပါ ။ ပြီးခဲ့တဲ့ ရာသီက လိဂ်မှာ ကျွန်တော်တို့ ရှုံးပွဲ မရှိခဲ့တဲ့ ပွဲအရည်အတွက် များစွာ ပိုင်ဆိုင်ခဲ့ကြ ပါတယ် ။ အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း အရင့် အရင်တွေကထက် ဂိုးတွေ အများကြီး ပိုသွင်း နိုင်ခဲ့ ပါတယ် ”
” အခုတော့ ကျွန်တော်တို့ဟာ ခံစစ်ပိုင်း ပိုပြီး ကျစ်လျစ်အောင် လုပ်ဆောင်ရပါတော့မယ် ။ ကျွန်တော်တို့တွေဟာ ကွင်းထဲမှာ နေရာတိုင်း ပိုမို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ကြရပါတော့မယ် ” လို့ ဆိုးလ်ရှား က အသင်းရဲ့ လိုအပ်ချက်ကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။