ဂျူဗင်တပ်စ်အသင်းသည် နည်းပြ ဆာရီကို ထုတ်ပယ်သည့်အတွက် စာချုပ်ဖျက်သိမ်းခ၊ ဟီဂွါအင်၊ ခီဒီရာတို့အတွက် စာချုပ်ဖျက်သိမ်းခများကို ခက်ခက်ခဲခဲ ဖြေရှင်းရဖွယ်ရှိကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ဆာရီအား ထုတ်ပယ်ရာ၌ နှစ်ဦးသဘောတူဟု ကြေညာခဲ့သော်လည်း လက်တွေ့တွင် ဆာရီနှင့် ညှိနှိုင်းရခက်ခဲနေပြီး ဆာရီဘက်က လျော်ကြေးမရယူဘဲ ထွက်ခွာဖွယ် မရှိပေ။
၎င်းသည် ၂၀၂၂၊ ဇွန်လအထိ စာချုပ်ရှိသူဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို(၅.၅)သန်း+အပိုဆုကြေး ရရှိနေသူဖြစ်သည်။
ထို့ပြင် ဂျူဗီသည် ဟီဂွါအင်နှင့် ခီဒီရာတို့အား စာချုပ်ဖျက်သိမ်းရန် စီစဉ်နေသည်ဟု ဖာဘရီဇီယိုရိုမာနိုက တင်ပြထားသည်။
ယင်းသို့ ဖျက်သိမ်းပါက စာချုပ်သက်တမ်းတစ်နှစ် ကျန်နေသေးသော ဟီဂွါအင်(တစ်နှစ်ယူရို ၇.၅ သန်း)နှင့် ခီဒီရာ(တစ်နှစ်ယူရို ၆ သန်း)တို့၏ ရပိုင်ခွင့်များအတွက် ခက်ခဲစွာ ညှိနှိုင်းရဖွယ်ရှိသည်။
ဟီဂွါအင်သည် ယခုရာသီ စီးရီးအေ(၃၂)ပွဲ ကစားခဲ့သော်လည်း (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ခီဒီရာမှာမူ စီးရီးအေ(၁၃)ပွဲတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒူးဒဏ်ရာကြောင့် ကျန်တစ်ရာသီလုံး အနားယူခဲ့သည်။