မန်ယူအသင်းအနေဖြင့် ငါးရက်အတွင်း ပွဲစဉ်သုံးပွဲအထိ ကစားရမည်ဖြစ်၍ သုံးပွဲစလုံးတွင် အတောင့်တင်းဆုံးလူစာရင်း အသုံးပြုရန် မဖြစ်နိုင်ကြောင်း နည်းပြဖြစ်သူ ဆိုးလ်ရှား က ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းနှင့်ပွဲကို ရွှေ့ဆိုင်းခဲ့ရသောကြောင့် ငါးရက်အတွင်း ပရီးမီးယားလိဂ်သုံးပွဲအထိ ကစားရမည်ဖြစ်သည်။ မန်ယူအသင်းအနေဖြင့် ပထမဆုံးပွဲအဖြစ် ယနေ့တွင် ဗီလာနှင့် အဝေးကွင်း၊ အင်္ဂါနေ့တွင် လက်စတာနှင့် အိမ်ကွင်း၊ ကြာသပတေးနေ့တွင် လီဗာပူးလ် နှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။
သို့ဖြစ် ရာ ဆိုးလ်ရှားက “လာမယ့်ပွဲစဉ်တစ်ပွဲ၊ နှစ်ပွဲ လောက်မှာ ကျွန်တော့်ရဲ့ လူစာရင်းရွေးချယ်မှုနဲ့ပတ်သက်လို့ တချို့ကတော့ သဘောကျမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် သက်ရောက်မှု တွေ ရှိလာနိုင်လို့ပါ။ ဒါက ကျွန်တော့်ပြဿနာ မဟုတ်ပါဘူး။ အားလုံးရင်ဆိုင်နေရတဲ့ ပြဿနာပါ။ အချိန်တိုအတွင်း သုံးပွဲကစားရမှာဖြစ်လို့ ဘယ်လောက်အထိ ရင်ဆိုင်နိုင်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ သုံးရက်အတွင်း နှစ်ပွဲကစားရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်လက်ခံပါတယ်။ ခရစ္စမတ်မှာလည်း ကျွန်တော်တို့ ဒီလိုပဲ ကစားခဲ့ရတာပါ။ ရှည်လျားတဲ့ရာသီတစ်လျှောက် ကစားလာပြီးချိန်မှာ သုံးရက်အတွင်း နှစ်ပွဲကစားရတာက ပိုပြီးခက်ခဲပါတယ်။ ငါးရက်အတွင်း သုံးပွဲဆိုတာက အရမ်းအရမ်းခက်ခဲသွားပါပြီ။ ရှစ်ရက်မှာ လေးပွဲဆိုတာကတော့ ဖြစ်ကို မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ကြာသပတေးနေ့ ကလည်း ယူရိုပါလိဂ်ပွဲကစားခဲ့ရသဖြင့် စုစုပေါင်း ရှစ်ရက်အတွင်း လေးပွဲအထိ ကစားရခြင်းဖြစ်သည်။