ဂွါဒီယိုလာရဲ့သူငယ်ချင်းဖြစ်သူတစ်ဦးက ဂွါဒီယိုလာ နဲ့ ဆီရာတို့ကြား လမ်းခွဲမှုအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စပိန်ကလာတဲ့သတင်းတွေအရ တနင်္လာနေ့တုန်းက အသက် ၅၃ နှစ်သား နဲ့ ဇနီးသည် ဆီရာတို့ကြား ၂ ဦးသဘောတူလမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ၂ ဦးကြားမှာ ကောင်းမွန်တဲ့အခြေအနေတွေရှိနေဆဲဖြစ်ပြီး အခုလမ်းခွဲမှုဟာ စိတ်သဘောထားမတိုက်ဆိုင်မှုကြောင့် သိရပါတယ်။
အမှန်တကယ်မှာလည်း ဂွါဒီယိုလာဟာ ဘရန့်ဖို့ဒ်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ထားဆဲဖြစ်ပါတယ်။ စီးတီးနည်းပြဟာ အခုရာသီစီးတီးအသင်းနဲ့အတူ ရုန်းကန်နေရတာဖြစ်ပြီး အောက်တိုဘာကနေ ဘောက်ဆင်ဒေးပွဲအထိ ၁၃ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့ပါတယ်။ အခုလိုလမ်းခွဲမှုဟာ သူ့ရဲ့နည်းပြဘဝအလုပ်အကိုင်နဲ့လည်း သက်ဆိုင်နေတယ်လို့ သိရပါတယ်။ “သူတို့အခုဆို ဝေးကွာနေခဲ့ပါပြီ။ သူ့ဇနီးသည်က မန်ချက်စတာကနေ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ဘာစီလိုနာကိုပြန်ရောက်နေပါတယ်။ အဲ့အချက်လည်း ပါဝင်နေပါတယ်။ သူက လုံးဝအလုပ်အပေါ်စိတ်နှစ်ထားခဲ့တာပါ။ သူ့မိသားစုစီးပွားရေးမှာတောင် မပါဝင်တော့ပါဘူး”လို့ ဂွါဒီယိုလာရဲ့သူငယ်ချင်းကပြောကြားခဲ့ပါတယ်။
သတင်းတွေအရ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီအကုန်တုန်းက အသင်းကနေထွက်ခွာဖို့ လုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာ ၂ နှစ်စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုဆောင်းရာသီဈေးကွက်မှာလည်း ကစားသမားသစ် ၃ ဦးလောက်အထိ ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ ဂွါဒီယိုလာက ဘရန့်ဖို့ဒ်ကို သရေကျခဲ့ပြီးနောက် မိမိတို့အနေနဲ့ အခုရာသီအနေအထားကို ပြန်လည်စဉ်းစားဖို့ လိုအပ်လာပြီလို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အမှတ်တွေလျော့နေတာကို ပြန်တွေးရပါမယ်။ အခုအခြေအနေက နည်းနည်းဆိုးဝါးနေသလို ယူနိုက်တက်နဲ့ပွဲတုန်းကနဲ့တော့ ကွာခြားမှုရှိနေပါတယ်။ ဒါပေမယ့် အမှတ်တွေလျော့နေတာက တကယ်ဖြစ်ပြီး အဲ့တာကို တွေးရပါမယ်။ ၂-၁ အနေအထားက အဆင်ပြေသလို ၂-၂ လည်းအဆင်ပြေပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့က အမြင့်ဘောတွေမှာ အားသာခဲ့ပါတယ်။ သူတို့ ဧရိယာထဲကို ဖြတ်တင်ဘော ၆ ကြိမ် ဒါမှမဟုတ် ၇ ကြိမ်လောက်လုပ်ခဲ့ပါတယ်။
သူတို့က အရပ်ပိုရှည်ပါတယ်။ ပြီးတော့ ခေါင်းတိုက်ဘောလည်း အားသာပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အဲ့တာတွေကို မတားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ကွင်းလယ်လူတွေက ဒီလိုဘောလုံးတွေကို မတားနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုတားနိုင်တဲ့ကစားသမားမျိုးတွေမဟုတ်သလို အဲ့အခြေအနေမျိုးမှာလည်း ရှိမနေပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။