ဂျူဗင်တပ်စ်အသင်းဒုဥက္ကဋ္ဌဖြစ်သူ နက်ဗက်က စီရော်နယ်လ်ဒိုအနေဖြင့် အသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံး ထွက် (၁၆)သင်းအဆင့်မှထွက်ခွာခဲ့ရခြင်းနှင့် စီးရီးအေပြိုင်ပွဲတွင် ရုန်းကန်နေရခြင်းကြောင့် စီရော်နယ်လ်ဒိုမှာ ဝေဖန်မှုများနှင့်ရင် ဆိုင်နေရသည်။
ထို့ကြောင့် စီရော်နယ်လ်ဒိုအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ရီးယဲလ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
သို့သော် နက်ဗက်က ”ဂျူဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စီရော်နယ်လ်ဒိုရဲ့ စာချုပ်က ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်မှာမှ သက်တမ်းကုန်ဆုံးမှာပါ။ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းမှာ ဆက်ရှိနေပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ စီရော်နယ်လ်ဒိုက အသင်းမှာ အရေးအကြီးဆုံးကစားသမားဖြစ်ပြီး သူ့ကိုထိလို့ မရပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရလဒ်များဆိုးများကြောင့် အနာဂတ်လှုပ်ခတ်နေပြီဟု သတင်းထွက်ပေါ်နေသည့် နည်းပြ ပီယာလိုမှာလည်း လာမည့်ရာသီတွင် ဂျူဗင်တပ်စ်နည်းပြအဖြစ် ဆက်ရှိနေမည်ဟု (၁၀၀) ရာခိုင်နှုန်းအာမခံကြောင်း နက်ဗက်က ပြောကြားခဲ့သည်။