ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဂျူဗင်တပ်စ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် (၁၆)နှစ်အတွင်း မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ မပါသည့် ပထမဆုံး ကွာတားဖိုင်နယ် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် မက်ဆီနှင့် စီရော်နယ်လ်ဒို နှစ်ဦးစလုံးမပါဝင်သည့် ပထမဆုံးကွာတားဖိုင်နယ်အဆင့်မှာ ၂၀၀၄-၀၅ ရာသီကဖြစ်ပြီး ထိုအချိန်က မက်ဆီသည် ဘာစီလိုနာအသင်း၊ စီရော်နယ်လ်ဒိုက မန်ယူအသင်းတို့တွင် ကစားခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်က ဘာစီလိုနာအသင်းသည် ရှုံးထွက် (၁၆) သင်းအဆင့်တွင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်ပြီး မန်ယူအသင်းမှာမူ အေစီမီလန်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။
မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ယင်းကာလများအတွင်းတွင် ချန်ပီယံလိဂ်ဖလားကို အကြိမ်များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး စီရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ဖလား (၅) ကြိမ်နှင့် မက်ဆီက ချန်ပီယံလိဂ်ဖလား (၄) ကြိမ်တို့ကို ရယူနိုင်ခဲ့သည်။
ယခုရာသီချန်ပီယံလိဂ်တွင် မက်ဆီ၏ ဘာစီလိုနာအသင်းသည် PSG အသင်းကို နှစ်ကျော့ပေါင်း (၅-၂) ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို၊ ဂျူဗင်တပ်စ်အသင်းမှာလည်း ပေါ်တိုအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၄-၄)ဂိုး၊ အဝေးဂိုးစည်းမျဉ်းဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
မက်ဆီနှင့် ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်သို့ (၁၃)နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ပထမဆုံးလွဲချော်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်း ကွာတားဖိုင်နယ်အဆင့်နှင့် လွဲချော်ခဲ့သည့် နောက်ဆုံးရာသီမှာ ၂၀၀၆-၀၇ ရာသီက လီဗာပူးလ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းလည်းဖြစ်သည်။
စီရော်နယ်လ်ဒိုမှာမူ ဂျူဗင်တပ်စ်အသင်းထံသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း (၃) ရာသီစလုံး ကွာတားဖိုင်နယ်အဆင့်ထက်ပို၍ တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်းလည်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ပေါ်တိုအသင်းနှင့် ပွဲစဉ်တွင် ပေါ်တိုအသင်း အဝေးဂိုးဖြင့် အသာရစေမည့် ဖရီးကစ်ကို တားဆီးရာ၌ နောက်ဘက်သို့ လှည့်ပေးခဲ့သည့်အတွက် ဝေဖန်ခံနေရပြီး ယင်းဖရီးကစ်ကန်ချက်သည် ၎င်းင်း၏ ခြေထောက်ကြားထဲမှ ဖြတ်သွားကာ ပေးခဲ့ရခြင်းလည်းဖြစ်သည်။
နာမည်ကျော်နည်းပြဟောင်းတစ်ဦးဖြစ်သည့် ကာပယ်လိုကလည်း “ကျွန်တော် နည်းပြလုပ်တဲ့ အချိန်တွေတုန်းကတော့ ဖရီးကစ်ကို ကာတဲ့ လူတံတိုင်းဆိုတာ ဘောလုံးထိမှန်မှာကို မကြောက်တဲ့သူတွေကိုပဲ ကာခိုင်းလေ့ရှိပါတယ်။ သူတို့က ဘောလုံး ထိမှန်မှာကို ကြောက်နေရင် အဝေးကို ရှောင်ပြေးလိမ့် မယ်။ ကျောလှည့်ပေးလိမ့်မယ်။ ဒါဟာ လက်ခံနိုင်စရာ ကိစ္စမဟုတ်ပါဘူး”ဟုလည်း ပြောကြားခဲ့သည်။
ယင်းဖရီးကစ်ကန်ချက်တွင် စီရော်နယ်လ်ဒို၏ ခြေထောက်ကြားထဲမှ ထွက်သွားခြင်းဖြစ်သော်လည်း ဘောလုံးထွက်လာချိန်တွင် စီရော်နယ်လ်ဒိုတင် မဟုတ်ဘဲ လူတံတိုင်းတစ်ခု လုံးနီးပါးက ကျောလှည့်ပေးခဲ့ကြခြင်းကိုလည်း ကာပယ်လိုက ဝေဖန်ခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးသည် ယခုအချိန်တွင် အသက် (၃၀)ကျော်အပိုင်းအခြား ရောက်ရှိနေပြီဖြစ်ပြီး ဥရောပ ဘောလုံးလောကကို လွှွမ်းမိုးသည့်ကာလများမှာ ကုန်ဆုံးသွားပြီဟု သုံးသပ်မှုများလည်း ရှိနေသည်။