စတီဗီမက်မာနာမန်က ရော်ဘတ်တိုဖာမီနိုဟာ ယာဂန်ကလော့ရဲ့ ပွဲထွက် ကစားသမား order မှာ ဒီယေဂိုဂျိုတာရဲ့ ရှေ့မှာ ရှိနေသေးတယ်လို့ ယုံကြည် နေပါတယ်။ လီဗာပူးရဲ့ ၃ ဦးတွဲ တိုက်စစ် ဖြစ်တဲ့ ဖာမီနို ၊ မာနေး ၊ ဆာလား တို့ဟာ အန်ဖီးကလပ်ရဲ့ ပြီးခဲ့တဲ့ အောင်မြင်မှု တွေမှာ အဓိက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင် ပေးခဲ့သူတွေ ဖြစ်ကြပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲတွေ ထဲက တစ်ခု အဖြစ် သတ်မှတ် ခံထား ရပါတယ်။
ပြီးခဲ့တဲ့ ရာသီက လီဗာပူးတို့ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်ခဲ့တဲ့ နေရာမှာ မာနေး ဆာလား ဖာမီနို တို့ရဲ့ စွမ်းဆောင်ရည် တွေဟာ အဓိက ကျခဲ့ ပေမယ့်လည်း ကလော့ဟာ သူ့ရဲ့ တိုက်စစ် options ကို ဒါနဲ့တင် ကျေနပ်မှု မရှိသေးဘဲ ဝုဖ်အသင်းက ဂျိုတာကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူ အားဖြည့် သွားခဲ့ ပါတယ်။
ပေါ်တူဂီ စတား ဂျိုတာဟာ အန်ဖီးမှာ လျှင်မြန်စွာ အထိုင်ကျကာ ခြေစွမ်းပြလျက် ရှိနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် မှာလည်း အသင်း အတွက် ဂိုးသွင်းယူ ပေးခဲ့ကာ ဒီရာသီ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၉ ဂိုး သွင်းယူ ထားခဲ့ပြီး ဖြစ်ပါတယ်။
ဂျိုတာရဲ့ ဂိုးတွေ သွင်းယူနေမှုဟာ ဖာမီနို အပေါ် အနီးကပ် စောင့်ကြည့်မှုတွေ ပိုများ လာခဲ့ပေမယ့် ဘရာဇီး ကစားသမားဟာ သွင်းဂိုးတွေထက် စာရင် off the ball movement ၊ pressing နဲ့ ကစားကွက်ကို ချိတ်ဆက် ကစားပေးတဲ့ နေရာတွေမှာ အရမ်း ကောင်းတာကြောင့် ဂုဏ်သတင်းကြီး ခဲ့တာ ဖြစ်ပါတယ်။
မက်မာနာမန် ကလည်း ဖာမီနိုဟာ တိုက်စစ်ပိုင်းမှာ ကလော့ရဲ့ အနှစ်သက်ဆုံး option အဖြစ် ရှိနေဆဲလို့ ခံစား မိနေ ပါတယ်။
မက်မာနာမန်က “ကျွန်တော် ကတော့ ယာဂန်ကလော့ဟာ ဒီအချိန်မှာ ဖာမီနို ဆာလား မာနေး တို့ အတွဲကို မှီခိုလို့ ရနိုင်တဲ့ အချက်ကို နှစ်သက်နေဆဲလို့ ထင်ပါတယ်။ ဂျိုတာ အကောင်းဆုံး ခြေစွမ်းပြနေပေမယ့် သူတို့ အတွဲကသာ ပထမဦးစားပေး အဖြစ် ရှိနေဆဲပါ။
ကျွန်တော် ကတော့ ဂျိုတာဟာ ဒီအချိန်မှာ ချန်လှပ်ထားလို့ ရတဲ့ ကစားသမား တစ်ဦး အဖြစ် ရှိနေဆဲလို့ ကျွန်တော် ထင်ပါတယ်။ အကယ်၍ ဂျိုတာသာ ဒီပုံစံကောင်းကို ဆက်လက် ပြသ နိုင်ခဲ့မယ် ဆိုရင် ဒါဟာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလော့ဟာ အခြား တိုက်စစ် ကစားသမား ၃ ဦးနဲ့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး ခဲ့တာပါ။ ဒါ့ကြောင့် သူတို့ကို အပြည့်အ၀ ယုံကြည်လို့ ရတယ် ဆိုတာ ကလော့ သိနေမှာပါ။” လို့ ပြောလိုက်ပါတယ်။
မက်မာနာမန် က လီဗာပူး အတွက် စိတ်ပူစရာ ကောင်းတဲ့ တစ်ခုတည်းသော နေရာဟာ ဗာဂျယ်ဗန်ဒိုက် နဲ့ ဂျိုးဂိုးမက်ဇ် တို့ ကာလရှည် ဒဏ်ရာ ရရှိနေတဲ့ ဗဟိုခံစစ်ပိုင်း ဖြစ်တယ်လို့ ခံစား မိနေပါတယ်။ လီဗာပူး ကွင်းလယ်လူဟောင်းက ကလပ် အနေနဲ့ ဒီဂျန်လော့ဗရန်ကို ပြီးခဲ့တဲ့ နွေရာသီက ရောင်းချခဲ့တဲ့ အတွက် နောင်တရစရာ မရှိဘူးလို့ ဆိုလိုက်ပြီး ဒီလိုမျိုး ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ ရမယ်လို့ ဘယ်သူမှ ထင်ထားခဲ့မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ဇန်နဝါရီမှာ ဗဟို ခံစစ်ကို အားဖြည့်တာကိုတော့ သူမြင်ချင်တယ်လို့ ပြောသွားပါတယ်။
လီဗာပူး ကွင်းလယ်လူဟောင်းက “လီဗာပူး အတွက် စိတ်ပူစရာကောင်းတဲ့ တစ်ခုတည်းသော နေရာကတော့ ဗဟိုခံစစ်ပိုင်း ဖြစ်ပါတယ်။ အခြား ဧရိယာတွေ ကတော့ ပြသနာ သိပ်မရှိပါဘူး။ လူတွေက သူတို့ လော့ဗရန်ကို လက်လွှတ်ပြီး သူ့ရဲ့ နေရာမှာ ပြန်လည် အားဖြည့်မှု မလုပ်ခဲ့တာကြောင့်လို့ ဆိုနေကြပါတယ်။ ဒါကတော့ မှန်ပါတယ်။ ဒါပေမယ့် တူညီတဲ့ နေရာတွေမှာ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ ရလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားခဲ့မှာ မဟုတ်ပါဘူး။
လီဗာပူးရဲ့ ဘဏ္ဍရေး အခြေအနေက ဘယ်လိုလဲ ဆိုတာ ကျွန်တော် မသိပေမယ့် အကယ်၍ ပိုက်ဆံ ရှိခဲ့မယ်ဆိုရင် ဗဟို ခံစစ်မှုး တစ်ဦးကို ဝယ်ယူသွားသင့် ပါတယ်။ ဂိုးမက်ဇ် နဲ့ ဗန်ဒိုက် တို့ဟာ ဒီရာသီရဲ့ ကာအများစုကို လွဲချော်တော့ မှာပါ။ ဖာဘင်ညိုကို ဗဟို ခံစစ်ကို ဆင်းကစားခိုင်းလို့ ရပြီး သူကလည်း အဲဒီနေရာမှာ ကောင်းနေ ခဲ့ပါတယ်။
အကယ်၍ သူတို့ရဲ့ ဘဏ္ဍရေး အခြေအနေ ကောင်းတယ် ဆိုရင် ဗဟိုခံစစ်မှုး တစ်ဦးကို မဖြစ်မနေ ဝယ်ယူ သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ့်ဆီမှာ ဗဟိုခံစစ် ကစားသမားတွေ အများအပြား ဖြစ်နေပြီး ဆိုရင် ရာသီကုန်မှာ ဒီပြသနာကို ဖြေရှင်း သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်သာ ကလော့ရဲ့ နေရာမှာ ဆိုရင်တော့ ဗဟိုခံစစ်မှုး တစ်ဦးကို မဖြစ်မနေ ခေါ်ယူ သွားမှာပါ။” လို့ ပြောလိုက်ပါတယ်။