မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းသည် ခြေချောင်းဒဏ်ရာကြောင့် လူတန်နှင့်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးကစားသမားဘဝတွင် (၄)ပွဲမြောက်လွဲချော်သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့ကြောင်း သိရသည်။
ဟာလန်းသည် မန်စီးတီးအသင်းသို့ ၂၀၂၂ နွေရာသီတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ အောက်တိုဘာ၌ လက်စတာကို အနိုင်ရသည့်ပွဲ၊ ၂၀၂၃ ဧပြီ၌ လီဗာပူးလ်ကို အနိုင်ရသည့်ပွဲ၊ ၂၀၂၂-၂၃ ရာသီ နောက်ဆုံးပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်သည့်ပွဲနှင့် ယခု လူတန်နှင့်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်သည်။
ဟာလန်းသည် အက်စတွန်ဗီလာနှင့်ပွဲပြီးကတည်းက ခြေချောင်းနာကျင်မှုရှိနေခြင်းကြောင့် မကစားနိုင်ခြင်းဖြစ်ကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဂွါဒီယိုလာက ”သူ ဘယ်လောက်ကြာကြာ နားရမလဲဆိုတာကိုတော့ ကျွန်တော်အတိအကျမသိပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ တစ်နေ့ချင်း၊ တစ်ပတ်ချင်း ကျွန်တော်တို့ မြင်တွေ့ရမှာပါ”ဟု ပြောကြားခဲ့သည်။