ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ဘောလုံးကို ချစ်ခင်မြတ်နိုးသူတစ်ဦးဖြစ်သည်ဟု နည်းပြဖြစ်သူ တူဟယ်လ်က မှတ်ချက်ပြု ချီးကျူးခဲ့ကြောင်းသိရသည်။
ရုရှားဘီလျံနာနှင့် အစ္စရေးပတ်စ်ပို့တ် ကိုင်ဆောင်ထားသူ အေဘရာမိုဗစ်ချ်သည် လက်ရှိ၌ လန်ဒန်မြို့သို့ ရောက်ရှိနေပြီး နိုဝင်ဘာလ ၂၁ ရက်က အစ္စရေးသမ္မတ အီဆက်ဟားဇော့ကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း၌ ဧည့်ခံ တွေ့ဆုံခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
“သူဟာ အရမ်းကောင်းတဲ့ အသင်းပိုင်ရှင်တစ်ဦးလား၊ ကျွန်တော်ကတော့ အဲဒီလိုပဲ ယူဆပါတယ်။ ပထမဆုံးနဲ့ အရေးအကြီးဆုံးက သူဟာ ဘောလုံးပရိသတ်တစ်ဦးပါ။ အစွဲအလမ်းကြီးပြီး ရူးသွပ်တဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ဘောလုံးပွဲတွေကို ချစ်ခင်နှစ်သက်သူပါ။ အသေးစိတ်ကျကျ မြတ်နိုးသူလည်းဖြစ်တယ်။ Cobham မှာ ဖြစ်ပျက်နေတဲ့ အရာရာတိုင်းကိုလည်း သူသိချင်ပါတယ်” ဟု တူဟယ်လ်က အသင်းပိုင်ရှင်ဖြစ်သူ အေဘရာမိုဗစ်ချ်အပေါ် သူ၏အမြင်ကို ဖွင့်ဟခဲ့သည်။
အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်က ပေါင် သန်း ၁၄၀ ဖြင့် ဝယ်ယူခဲ့ပြီး ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် သူ၏လက်ထက်တွင် ပရီးမီးယားလိဂ်ဖလား လေးကြိမ်၊ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ဖလား နှစ်ကြိမ်စီ၊ ပြည်တွင်းဖလားစုစုပေါင်း ရှစ်ကြိမ် ရရှိခဲ့သည်။