ချယ်လ်ဆီးနည်းပြသစ် ဂရေ ဟမ်ပေါ်တာက ၎င်း၏ပထမဆုံးပွဲ တွင် သရေရလဒ်သာရရှိသော်လည်း ကစားသမားများကို ချီးကျူးခဲ့ကြောင်း သိရသည်။
ဘရိုက်တန်အသင်းနည်းပြ ဟောင်းဖြစ်သူ ဂရေဟမ်ပေါ်တာ (၄၇ နှစ်)သည် ပြီးခဲ့သည့်တစ်ပတ် စက်တင်ဘာ (၈) ရက်က ချယ်လ်ဆီးအသင်းနည်းပြအဖြစ် (၅)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ပရီးမီးယားလိဂ်ပွဲစဉ်များ ရွှေ့ဆိုင်းခဲ့သောကြောင့် ဂရေဟမ်ပေါ်တာအနေဖြင့် ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးပွဲအဖြစ် ဗုဒ္ဓဟူးနေ့က သြစတြီးယားကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းနှင့် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားရာ ဦးဆောင်ဂိုးသွင်းယူနိုင် သော်လည်း တစ်ဂိုးစီ သရေကျခဲ့သည်။
ဂရေဟမ်ပေါ်တာသည် နည်းပြဟောင်း တူဟယ်လ်ကဲ့သို့ပင် ၃-၅-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး ဂိုးသွင်းခွင့်များစွာ ဖန်တီးနိုင်ခဲ့သလို (၄၈) မိနစ်တွင် စတာလင် သွင်းယူသည့် ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် (၇၅)မိနစ်တွင် အိုကာဖော်၏ ချေပဂိုး ကြောင့် သရေကျခဲ့ခြင်းဖြစ်သည်။
ယင်းပွဲအပြီးတွင် ဂရေဟမ်ပေါ်တာက “တစ်မှတ်ပဲရခဲ့လို့ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုက အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက အစွမ်းကုန် ပေးဆပ်ခဲ့ကြတာပါ”ဟု ဆိုခဲ့သည်။