ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန်အသင်းကို အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၃၆)အပြီးတွင် ရမှတ် (၇၂)မှတ်ဖြင့် အဆင့်(၅)နေရာ၌ ရပ်တည်နေပြီး အဆင့်(၄)နေရာမှ နာပိုလီအသင်း(၇၃ မှတ်)နှင့် (၁)မှတ်ကွာဟနေပြီး လာမည့် ၂၀၂၁-၂၂ ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မည့်အရေးနှင့်ရင်ဆိုင်နေရသည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၃၇)အဖြစ် ယနေ့တွင် စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး ယင်းပွဲအနိုင်ရမှာသာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပီယာလိုက အင်တာမီလန်အသင်းမှာ မိမိတို့အသင်းထက် ပိုကောင်းသော်လည်း အိမ်ကွင်းတွင် အနိုင်ရရန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ပီယာလိုက “ဒီရာသီမှာ အင်တာမီလန်အသင်းက ကျွန်တော်တို့အသင်းထက် ပိုကောင်းပါတယ်။ သူတို့ဟာ ချန်ပီယံဆုအတွက် ကျွန်တော်တို့ထက် ဆာလောင်စိတ်ပြင်းထန်သလို၊ တစ်ရာသီလုံး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အခု စီးရီးအေချန်ပီယံနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါက ကျွန်တော်တို့ကို စိတ်အားတက်ကြွစေပါတယ်။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတာကြောင့် အင်တာမီလန်အသင်းကို အနိုင်ရအောင် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပီယာလိုက စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် အင်တာမီလန်အသင်းကို ဂုဏ်ပြုစကားဆိုခဲ့ပြီး မိမိတို့အနေဖြင့် ပိုကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။