ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံနေရသည့် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ဇွန်လ(၂၂)ရက်တွင် ယှဉ်ပြိုင်ကစားမည့် ချက်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင်လည်း ပွဲထွက်ကစားသမားအဖြစ် ကစားသွားမည်ဖြစ်ကြောင်း အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ပြောကြားခဲ့သည်။
ဆောက်ဂိတ်၏အင်္ဂလန်အသင်းသည် ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်ခွင့်အတွက် သေချာစေရန် ယင်းပွဲစဉ်တွင် အနည်းဆုံး သရေတစ်မှတ်ရရှိရန် လိုအပ်လျက်ရှိသည်။
ဟာရီကိန်းအား ပွဲထွက်ကစားသမား(၁၁)ယောက်စာရင်းတွင် ဆက်လက်ထားရှိမည်လားဟု မေးမြန်းမှုကို ဆောက်ဂိတ်က ”သူဟာ အခြေခံကျတဲ့ ကစားသမားတစ်ယောက်ပါ။ ဂိုးတွေသွင်းဖို့အတွက်သာမကဘဲ ကစားကွက်တည်ဆောက်မှုပိုင်းမှာပါ အရေးပါတဲ့သူဖြစ်ပါတယ်။ ဒီလိုအခိုက်အတန့်မှာ သူ့အကြောင်း မေးခွန်းပေါင်းမြောက်မြားစွာ မေးတော့မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူဟာ ဒီလိုပုံစံမျိုးကို အခုမတိုင်မီမှာ အကြိမ် (၁၀၀) လောက် ဖြတ်သန်းခဲ့ပြီးပါပြီ။ အရင်ကလည်း ဒီလိုအခြေအနေကို အကြိမ်များစွာ ကျွန်တော် ဖြေကြားခဲ့ပါတယ်။ လာမယ့်ပွဲတွေမှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ကျွန်တော်တို့အသင်းကို အနိုင်ရစေမှာပါ။ ဒီလိုပုံစံမျိုး ရှေ့မှာဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
စပါးအသင်းတွင် အတူကစားခဲ့ဖူးသူ ထရစ်ပီယာကလည်း ဟာရီကိန်းဘက်မှ ထောက်ခံမှုများ ပြုလုပ်ခဲ့သည်။
”ဟာရီအပေါ်မှာ ကျွန်တော် ယုံကြည်ပါတယ်။ သူ ဂိုးတွေသွင်းနိုင်မယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဟာရီရဲ့အခွင့်အရေးတွေက ရောက်လာတော့မှာဖြစ်ပြီး သူ ဂိုးတွေသွင်းနိုင်လိမ့်မယ်ဆိုတာ အသေအချာပါပဲ”ဟု ထရစ်ပီယာက ပြောကြားခဲ့သည်။
ဟာရီကိန်းသည် အင်္ဂလန်အသင်းအတွက် ကစားခဲ့သည့် နိုင်ငံတကာပွဲ (၅၆)ပွဲတွင် (၃၄)ဂိုးအထိ သွင်းယူထားပြီး ယူရိုခြေစစ်ပွဲတွင်လည်း (၆)ပွဲကစားကာ (၁၀)ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံးဖြစ်ခဲ့သည်။
သို့သော် နိုင်ငံတကာပွဲ နောက်ဆုံး(၁၁)ပွဲတွင်မူ (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။