မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟော်လန်းသည် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ကွန်မြူနတီဒိုင်းပွဲတွင် (၆)ကိုက်စည်းထိပ်မှ ကန်သွင်းခွင့်ရခဲ့သော်လည်း ဘားတန်းထိထွက်သွားခဲ့သဖြင့် ပရိသတ်များစွာ၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယင်းအတွက် စိုးရိမ်မှုမရှိကြောင်း ပြောကြားခဲ့သည်။
ယင်းပွဲတွင် မန်စီးတီးအသင်းက လီဗာပူးလ်ကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို၌ အပိုင်အခွင့်အရေးရသည်ကို ဟော်လန်းက အသုံးမချနိုင်ခဲ့သည့်အတွက် ပရိသတ်များစွာက လူမှုကွန်ရက်တွင် ဗီဒီယိုမှတ်တမ်းများနှင့်အတူ လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။
ဟော်လန်းသည် ယင်းသို့လွဲချော်ခဲ့ရုံသာမက ပွဲချိန်ပြည့် ပါဝင်ကစားခဲ့သော်လည်း ဘောလုံးနှင့် ထိတွေ့မှု (၁၆)ကြိမ်သာရှိခဲ့ပြီး စွမ်းဆောင်ရည် Rating 6.2 သာ ရရှိခဲ့ကြောင်း သိရသည်။
သို့သော် မန်စီးတီး နည်းပြ ဂွါဒီယိုလာက “သူ(ဟော်လန်း) အခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် မစိုးရိမ်ပါဘူး။ နောက်ပွဲမှာ သူ ဂိုးသွင်းနိုင်ပါလိမ့်မယ်။ သူက သန်မာပါတယ်။ သူက အလွန်ထူးခြားတဲ့ စွမ်းရည်တွေရှိနေသူပါ။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒါက ဘောလုံးပါပဲ” ဟု ပြောကြားခဲ့သည်။