အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ မိုရက်တီက အသင်းဟောင်းအား ကွန်တီကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
အသက် ၅၃ နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ ကွန်တီသည် မတ်လ ၂၆ ရက်တွင် စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ ကွန်တီသည် စပါးအသင်းကို မကိုင်တွယ်မီ အင်တာမီလန်အသင်းကို ၂၀၁၉ မေလမှ ၂၀၂၁ မေလအထိကိုင်တွယ်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီတွင် စီးရီးအေချန်ပီယံဆု ရယူပေးခဲ့သူဖြစ်သည်။
သို့သော် ကွန်တီသည် အင်တာမီလန်အသင်းတာဝန်ရှိသူများနှင့် သဘောထားကွဲလွဲမှုကြောင့် ၂၀၂၀-၂၁ ရာသီကုန်တွင် အင်တာမီလန်အသင်းနှင့် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ အင်တာမီလန်အသင်းသည် ကွန်တီ နှင့် လမ်းခွဲပြီးနောက် လာဇီယိုနည်းပြဟောင်း ဆီမြွန်နီအင်ဇာကီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ အင်တာမီလန်အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အထိ တက်ရောက်ထားသော်လည်း အင်ဇာကီလက်ထက်၌ စီးရီးအေပြိုင်ပွဲတွင် ရုန်းကန်နေရပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ပူစရာဖြစ်နေသည်။

ထို့ကြောင့် မိုရက်တီက အင်တာမီလန် အသင်းအနေဖြင့် အသင်းကို အောင်မြင်မှုများပြန်လည်ရယူပေးခဲ့သည့် ကွန်တီကို အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်ရန်တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မိုရက်တီက “အင်တာမီလန်အသင်းအနေနဲ့ စီးရီးအေ ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင် ကွန်တီဟာ အဲဒီရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်နည်းပြဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က မာရော့တာ (အင်တာမီလန်အသင်းအမှု ဆောင်အရာရှိချုပ်) နဲ့ အဆက်အသွယ်မရှိပါဘူး။ ဒါကြောင့် ကွန်တီကို အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ ဘယ်သူ့ကို ပြောရမှန်း မသိပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုရက်တီက လက်ရှိအင်တာမီလန်အသင်းဥက္ကဋ္ဌ စတီဗင်ကျန်း၏ လုပ်ရပ်များကို စောင့်ကြည့်နေကြောင်းလည်း ပြောကြားခဲ့သည်။ စတီဗင်ကျန်းအနေဖြင့် အသင်းအောင်မြင်မှုရရန် များစွာရင်းနှီးမြှုပ်နှံခဲ့ပြီး ယနေ့ခေတ်တွင် အီတလီလူမျိုးများအနေဖြင့် ထိပ်တန်းအသင်းများတွင် ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်ကြောင်းလည်း မိုရက်တီက ပြောကြားခဲ့သည်။