ပီရူး – ပါရာဂွေး (မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက် ၃:၃၀ နာရီ)
အုပ်စုအဖွင့်ပွဲမှာ ပီရူးအသင်း ဂိုးပြတ်အရေးနိမ့်ခဲ့တာကလွဲလို့ မျှော်လင့်ထားတာထက်တောင် အခြေအနေပိုကောင်းခဲ့တာ တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ပြိုင်ပွဲတုန်းကလို မထင်မှတ်တာတွေ ထပ်လုပ်ပြနိုင်မလား စောင့်ကြည့်ရတော့မယ်။ ပါရာဂွေးက အာဂျင်တီးနားကို ကပ်ရှုံးပြီး ဥရုဂွေးကိုလည်း ပယ်နယ်တီကြောင့်သာ အရေးနိမ့်ခဲ့လို့ လက်ရှိခြေစွမ်းပိုင်းမှာတော့ ပီရူးအသင်းထက် ပိုသာတာတွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးတွေ့ဆုံမှုတွေမှာတော့ ပီရူးအသင်းကပဲ အသာစီးရထားပြီး မကြာသေးမီက တွေ့ဆုံတဲ့ခြေစစ်ပွဲမှာလည်း ပါရာဂွေးအသင်း အိမ်ကွင်းမှာတောင် အနိုင်မရလိုက်ဘူး။ ပီရူးကိုပဲ ပိုကြိုက်တယ်။
ဘရာဇီးလ် – ချီလီ (မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက် ၁:၃၀ နာရီ)
ဘရာဇီးလ်အသင်းမှာ နည်းပြ ထိထီက ကစားသမားပိုင်းကို မကြုံစဖူး အမျိုးမျိုးစမ်းသပ်နေလို့ အသင်းပွဲထွက်လူစာရင်း ကို မှန်းဆရခက်နေတယ်။ တောက်လျှောက်အသုံးပြုလာတဲ့ ၄-၃-၃ ကစားကွက်နေရာမှာ ထိထီက တိုက်စစ်ကစားသမား ကောင်းတွေ များပြားနေလို့ ၄-၄-၂ ကို ပြောင်းလဲစမ်းသပ်နေပြီး အခုပွဲမှာ ၄-၄-၂ အထိုင်နဲ့ပဲ ပွဲထုတ်ဖို့များတယ်။ တောင်ပံတွေ မှာ ရစ်ချာလီဆန်၊ ဂျေးဇူးတို့ကို ပွဲထုတ်ရင် ခံစစ်ဆင်းကူနိုင်စွမ်းအားနည်းတဲ့ ပြဿနာရှိပေမဲ့ ပြိုင်ဘက်က အခုပြိုင်ပွဲမှာ အဖက် ဖက်က အားနည်းနေတဲ့ ချီလီအသင်းဖြစ်နေလို့ သိပ်တော့အခက်အခဲမရှိလောက်ဘူး။ ဒါမှမဟုတ် တိုက်စစ်မှာ ဂျေးဇူးနဲ့ နေမာ ကိုတွဲကာ တောင်ပံမှာတော့ ရစ်ချာလီဆန်နဲ့ အယ်ဗာတန်၊ ဟီဘေရို၊ ဗင်နီစီယပ်စ်တို့ထဲက တစ်ဦးဦးကို ထုတ်သုံးဖို့များတယ်။ ချီလီအသင်းကတော့ ၄-၃-၃နဲ့ အများဆုံးကစားလေ့ရှိပေမဲ့ အသင်းကြီးတွေနဲ့တွေ့ဆုံမှုတွေမှာ ခံစစ်ပိုအသားပေးတဲ့ ၃-၄-၁-၂ ကို ပြောင်းကစားတတ်တယ်။ လက်ရှိတိုက်စစ်အားနည်းနေလို့လည်း ခံစစ်ပိုလုံခြုံမှုရှိဖို့ပဲ ချီလီ ပြင်ဆင်လိမ့်မယ်။ ဒါပေမဲ့ ဘရာဇီးလ်မြေမှာ အိမ်ရှင်ကိုထိန်းချုပ်ဖို့ ချီလီ မလွယ်လောက်ဘူး။ ဘရာဇီးလ်အသင်း ဂိုးပြတ်သွင်းဖို့များတယ်။