မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းနှင့် အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားချန်ပီယံဆုရရှိသော်လည်း PSG အသင်း၏ အသိအမှတ်ပြုမှုမရခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
မက်ဆီ (၃၆ နှစ်) သည် ၂၀၂၁ နွေရာသီ တွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နှစ်ရာသီကစားပြီးနောက် ယခုနှစ်နွေရာသီတွင် အင်တာမိုင်ယာမီ အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ESPN သတင်းဌာနမှ ဂရာနာဒေါ့စ်နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက် PSG အသင်း၏ အသိအမှတ်ပြုမှုမရခဲ့ကြောင်း မက်ဆီက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်က ကစားသမား ၂၅ ဦးထဲ မှာ အသိအမှတ်ပြုခြင်းမခံရတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါကို နားလည်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကြောင့် သူတို့ (ပြင်သစ်) က ကမ္ဘာ့ဖလားချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ လို့ပါ။ အဲဒီကာလအတွင်းမှာ PSG ပရိသတ်အဖွဲ့တစ်ခုရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။ အဲဒီလိုတွေဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော် မျှော်လင့်ထားသလို မဟုတ်ပါဘူး။ ဒါပေမဲ့ ကိစ္စတွေဆိုတာ အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်ပျက်နေတာလို့ ကျွန်တော်အမြဲပြောဖူးပါတယ်။ အဲဒီမှာ ကျွန်တော် အဆင်မပြေခဲ့ဘူးဆိုရင်တောင် ရှိနေတဲ့အချိန်ကာလအတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပါတယ်” ဟု မက်ဆီက ဆိုသည်။
မက်ဆီက ယင်းကဲ့သို့ ဝေဖန်ခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အသင်းနှင့် ပြန်လည်ပူးပေါင်းစဉ် လေ့ကျင့်ရေးကွင်း၌ PSG အသင်းဖော်များနှင့် ဝန်ထမ်းများက လက်ခုပ်တီး၍ ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပြီး ၎င်းနာမည်ပါဝင်သည့် ဆုတံဆိပ်လည်း လက်ဆောင်ပေးအပ်ခဲ့သည့် ဗီဒီယိုကို ဇန်နဝါရီလအတွင်း PSG အသင်းက ထုတ်ပြန်ခဲ့ဖူးသည်။
မက်ဆီသည် PSG အသင်းအတွက် နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၇၅ ပွဲကစား၊ ၃၂ ဂိုးသွင်းယူပေးခဲ့ပြီး လီဂူး-၁ ချန်ပီယံဆု နှစ်ကြိမ်၊ ပြင်သစ် စူပါဖလား တစ်ကြိမ်ရရှိခဲ့သော်လည်း အသင်း၌အဆင်မပြေပဲ ရုန်းကန်ခဲ့ရသည်။