မန်စီးတီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာ ကိုပါလေဘာတဒိုးရပ်စ် ချန်ပီယံ ဖလူမီးနိစ် အသင်းကို ၄ – ၀ ရလဒ်နဲ့ အနိုင်ရကာ ၊ ကလပ် သမိုင်းတလျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။
ဒီအောင်ပွဲကြောင့် စီးတီးဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် နှစ်တနှစ် အတွင်း ဖလား ၅လုံး ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာပါတယ် ။ ပွဲအပြီးမှာတော့ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ၈နှစ်အတွင်း ယူနိုင်စရာ ဖလားအားလုံး ဆွတ်ခူးနိုင်လိုက်ပြီ ဖြစ်တာကြောင့် စီးတီးက စာမျက်နှာ တခု ပြီးဆုံးသွားပြီလို့ Statement မက်ဆေ့ခ်ျ ပေးလာပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂွာဒီယိုလာ က ” ကျွန်တော်တို့ဟာ ဆုဖလား အားလုံး ဆွတ်ခူးနိုင်ခဲ့ပြီ ၊ နောက်ထပ် ဘာမှ ရဖို့ မလိုတော့ဘူး ဆိုတဲ့ ခံစားချက်မျိုး ရနေတဲ့ အကြောင်း ပြောပါရစေ ။ ကိုယ်လုပ်ရမယ့် တာဝန်တွေ ပြီးဆုံးသွားပြီလို့ ခံစားရပါတယ် ။ ”
” အန်ဇိုက ကျွန်တော်တို့ကို ဖလား ၃လုံး ချန်ပီယံ ဖြစ်ဖို့ ကူညီပေးခဲ့ပါတယ် ။ မီခေးလ် ( အာတီတာ ) နဲ့ တခြားသော လက်တွဲဖူးတဲ့ အဖွဲ့ဝင်တွေ အားလုံး ၊ ဒီအသင်းကို ရောက်လာတဲ့ ပထမဆုံးနေ့က စပြီး ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆင့် ကွန်ပနီနဲ့ ကစားသမားတွေ အားလုံး ၊ ဂျိုဝေါင် ( ကန်ဆယ်လို ) ၊ ကိုးလ်ပါလ်မာ ၊ ရီယဒ် ( မာရက်ဇ် ) ၊ အီလ်ကိုင် ( ဂွန်ဒိုဂန် ) တို့ဟာ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ လာရောက် ယှဉ်ပြိုင်နိုင်ဖို့ ၊ ဒီအံ့သြဖွယ် အောင်မြင်မှုကြီး ရရှိစေဖို့ ကူညီပေးခဲ့ကြပါတယ် ။ ”
” ဒီပြိုင်ပွဲဆီ လာရောက် ယှဉ်ပြိုင်နိုင်ဖို့က အခက်ခဲဆုံးပါ ။ ဒီကို ရောက်လာပြီးတာနဲ့ ခြေစွမ်းပြ ကစားနိုင်ဖို့ပဲ လုပ်ရပါတယ် ။ အခုတော့ ခရစ်စမတ် ကာလကို ရောက်လာပါပြီ ။ နောက်ထပ် စာအုပ်အသစ် တအုပ် ဝယ်ပြီး ၊ အခန်းသစ် တခု ပြန်လည် စတင်ရပါမယ် ။ ပြီးခဲ့တဲ့ ၈နှစ် ကာလက ပြီးဆုံးသွားပါပြီ ။ ”
” ကျွန်တော် ဒီစာမျက်နှာကို ပိတ်သိမ်းကြည့်လိုက်တဲ့အခါ ပြီးခဲ့တဲ့ ၈နှစ်တာကာလ အတွင်း နောက်ကွယ်က အံ့သြဖွယ် ကြိုးစားအားထုတ်မှုတွေကို ပြန်လည် မြင်ယောင်မိပါတယ် ။ ကိုယ်ရနိုင်တဲ့ ဖလားတွေ အားလုံး ဆွတ်ခူးပြီးသွားပြီလို့ ကျွန်တော် ခံစားရပါတယ် ။ ”
” ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် ၊ ကာရာဘောင်ဖလား များစွာနဲ့ ၊ အခြားသော ဖလားတွေကိုလည်း ထပ်ခါတလဲလဲ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ လုပ်ပြခဲ့တာတွေက မယုံနိုင်ဖွယ်ပါပဲ ။ ဒီနေ့ လေယာဉ်ပေါ်မှာ ကျွန်တော်တို့ဟာ အောင်ပွဲခံပါမယ် ။ မနက်ဖြန် နားပါမယ် ။ ”
” ဂွတ်ဒီဆင်ပါ့ခ်ဟာ ပြန်လာဖို့ အကောင်းဆုံး နေရာ မဟုတ်သလို ၊ စာအုပ်အသစ် ပြန်စဖို့ ၊ လှပတဲ့ ဇာတ်လမ်းလေးတွေ ဖန်တီးဖို့ နေရာကောင်းလည်း မဟုတ်ပါဘူး ။ အသင်းသားတွေ ခုချိန်ထိ အောင်မြင်မှုတွေ အတွက် ဆာလောင်နေဆဲပါပဲ ။ ဒီကလပ်မှာ ကျွန်တော်တို့နဲ့ အတူ နှစ်များစွာ အလုပ်လုပ်လာသူတွေ အပေါ် ကျေနပ်မိပါတယ် ။ ”
” ဒါက အရမ်း လှပတဲ့ နေ့တနေ့ပါပဲ ။ မန်ချက်စတာဆီ စရောက်လာတဲ့ ပထမဆုံးနေ့က စပြီး ဒီလိုမျိုး လုပ်ပြနိုင်ဖို့ ၊ ဒီဖလားအထိ ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မမျှော်မှန်းခဲ့ဖူးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။